Our social:

Monday, December 19, 2016

ဗုဒ္ဓဘာသာဝင်တိုင်း သံဃိကစိတ်ထား မွေးမြူသင့်ပါတယ်။



ရဟန်းတစ်ပါးနဲ့တွေ့ပြီဆိုရင် မကြည်ညိုတဲ့အချက်ကလေး ကိုယ်သဘောမကျတဲ့အချက်ကလေး တစ်ချက်တွေ့တာနဲ့ ဒီကိုယ်တော်တော့ အလကားပါ။
ဒီကိုယ်တော် သီလလည်းမရှိဘူး။
ကြည်ညိုစရာလည်း လုံးဝမရှိဘူး။ ကြည့်လို့ကိုမရဘူး။
ဘာမှမလှူချင်ပါဘူး။
ဒီကိုယ်တော်ကို လှူလိုက်မယ့်အစား ခွေးကျွေးလိုက်တာကမှ ကောင်းဦးမယ်လို့ တစ်ချို့
ဒီလို ကွယ်ရာမှာ ပြောလေ့ရှိကြတယ်။
ဒါ စိတ်ထားမတတ်လို့ ဖြစ်တာပါ။

ခုခေတ် သီလမရှိဘူးဆိုတာဟာ သာသနာနှောင်းပိုင်း သင်္ကန်းဟန်းချိန်းလေး
ဝတ်ထားတဲ့အချိန်လောက်တော့ မဆိုးသေးပါဘူး။
သင်းပိုင် ဧကသီ အပြည့်အစုံနဲ့ ခေါင်းတွေလည်းရိတ်လို့ သာသနာ့ယူနီဖောင်း အပြည့်အစုံရှိပါသေးတယ်။
အဲဒါကို အရိယာသံဃာကို အာရုံပြုပြီး လှူဒါန်းလိုက်မယ်ဆိုရင်
ဘယ်လောက် အကျိုးကျေးဇူးကြီးမလဲ။

ကိုယ်ကစိတ်ထားမတတ်လို့ ပြောဆိုပြစ်မှားမိတော့
ကိုယ်ပဲအကုသိုလ်တွေဖြစ် ကိုယ်ပဲသံသရာမှာ ဆိုးကျိုးတွေဖြစ်ရမယ်။
တစ်ချို့ ဒါနတွေပြုလိုက်တာ ဒုက္ခတွေလည်းရောက်လိုက်တာ။
ငါတို့ကုသိုလ်တွေပြုရက်သားနဲ့
ဘာလို့ ဆိုးကျိုးတွေဖြစ်နေတာလဲ
ဘာလို့များ ဒုက္ခတွေ ရောက်ရောက်နေတာလဲလို့ ပြောတတ်တယ်။
ကုသိုလ်ပြုတဲ့အချိန်မှာ
စိတ်ထားလေးတွေ နိမ့်ကျသွားလို့
စိတ်ဓာတ်လေးတွေ လိုအပ်သွားလို့ပါပဲ။

အထူးသဖြင့် ရဟန်း သံဃာကို စိတ်နဲ့ (သို့)နှုတ်နဲ့
ပြစ်မှားတဲ့ အကုသိုလ်ကံရှိနေရင် တစ်ဖက်က
ကုသိုလ်ကံတွေ ဘယ်လောက်ပဲလုပ်လုပ် ကံတား လာဘ်တားဖြစ်ပြီး အဆင်မပြေမှုတွေ စိတ်ဆင်းရဲမှုတွေနဲ့ တွေ့ကြုံနေရမှာပါပဲ။

တစ်ချို့ကလည်းရှိပါသေးတယ် ဒုဿီလရဟန်းတစ်ပါးကို လှူဒါန်းထောက်ပံ့လို့ရှိရင် အဆိပ်ပင် ရေလောင်းသလို ဖြစ်နေလိမ့်မယ်
ဒီလို ပြောလေ့ရှိကြပါတယ်။
ဒါက လှူဒါန်းတဲ့ပုဂ္ဂိုလ်ရဲ့ စိတ်စေတနာအပေါ်မှာ မူတည်ပါတယ်။

ကိုယ်က ကိုယ်ကျင့်တရားပျက်ပြားနေတဲ့ ရဟန်းတစ်ပါးကို ကိုယ်ကျင့်တရား ချိုးဖောက်တဲ့အလုပ်ကို ဆက်ပြီးလုပ်နိုင်ပါစေလို့ တွန်းအားပေးတဲ့သဘော အားပေးတဲ့သဘောနဲ့ မကောင်းတဲ့အလုပ်တွေ
ရဟန်းနဲ့ မအပ်စပ်တဲ့အလုပ်တွေ
လုပ်ဖို့အတွက် အသက်ဆက်ပေးတဲ့သဘောနဲ့ အသက်ဆက်ပေးမယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့
လှူဒါန်းတယ်ဆိုရင်တော့ အဆိပ်ပင်ရေလောင်းသလို ဖြစ်မှာပေါ့။
ကိုယ့်စေတနာကိုက သူမကောင်းတာတွေ ဆက်လုပ်စေချင်တဲ့ ရည်ရွယ်ချက်တွေ ရှိနေတယ်ဆိုရင်တော့ အဆိပ်ပင် ရေလောင်းရာရောက်ပါတယ်။

အဲဒီလိုမှမဟုတ်ပဲနဲ့ သူ့ဘာသာသူ သီလမရှိတာ
ကိုယ်နဲ့ဘာမှမဆိုင်ဘူး သူ့အပိုင်းပဲ ကိုယ့်တာဝန်ကတော့ ကိုယ့်ထံရောက်လာတဲ့
အလှူခံပုဂ္ဂိုလ်ကို အရိယာသံဃာတော်အပေါင်းကို
ရည်စူးပြီးတော့ လှူဒါန်းရမှာပဲဆိုပြီး လှူဒါန်းလိုက်မယ်ဆိုရင်တော့ အဆိပ်ပင်ရေလောင်းရာ မရောက်ပါဘူး။
ကုသိုလ်ရသွားပါတယ်။

သီလမရှိတဲ့ရဟန်းတစ်ပါးဖြစ်နေပေမယ့် ကျန်တဲ့အချိန်မှာ မကြည်ညိုတာထားလိုက်
မလွဲမရှောင်သာလို့ လှူရတော့မယ့် အခွင့်အလမ်းမျိုးကြုံနေပြီ အခြေအနေမျိုးကြုံနေပြီဆိုရင
"အရိယာသံဃာ
တော်အပေါင်းအားလှူဒါန်းပါတယ်"ဆိုပြီးတော့
သံဃာ့ဂုဏ်နဲ့ သံဃာတော်ကို စိတ်ထဲက
ထပ်ကာထပ်ကာ အာရုံပြုပြီးတော့လှူပါ။

ကိုယ့်ရှေ့မှာရှိတဲ့ ကိုယ်မကြည်ညိုတဲ့ပုဂ္ဂိုလ်ရဲ
မျက်နှာကိုမကြည့်ပါနဲ့။ သူ့ရဲ့မကောင်းတဲ့အချက်အလက်တွေကိုလည်း
အာရုံမပြုပါနဲ့။
သူ့ကိုလှူတာမဟုတ်ဘူး။
ကိုယ့်ရှေ့မှာတွေ့နေတဲ့ ဒုဿီလရဟန်းတော်ဟာ
အရိယာသံဃာအားလုံးရဲ့ ကိုယ်စားအဖြစ်နဲ့ ကြွရောက်ပြီး အလှူခံတယ်လို့ သဘောထားလိုက်ရုံပါပဲ။

ဒါကြောင့် မိမိရှေ့မှောက်မှာရောက်နေတဲ့ ရဟန်းတော်ဟာ သာသနာတော်မှာ ရှိရှိသမျှသော
အရိယာသံဃာအားလုံးရဲ့ ကိုယ်စားမျှသာဖြစ်တယ်လို့ နှလုံးသွင်းပြီးတော့
အရိယာသံဃာကို အာရုံပြုပြီး လှူဒါန်းလိုက်မယ်ဆိုရင်
ရဟန္တာပုဂ္ဂိုလ်တစ်ပါးကို လှူဒါန်းရတာထက်တောင်မှပဲ မရေမတွက်နိုင်လောက်အောင် ပိုပြီးတော့ အကျိုးပေး ကြီးကျယ်ပါတယ်။

ဒါ့ကြောင့် သံဃိကစိတ်ထားဆိုတာ အင်မတန် လိုအပ်ပါတယ်။
ရုပ်ပွားတော် ဆင်းထုတော်တွေကတစ်ဆင့် သက်တော်ထင်ရှား
မြတ်စွာဘုရားရှင်ကို အာရုံပြု ကြည်ညိုနိုင်ကြသလို
ကိုယ့်မျက်မှောက်မှာ မြင်တွေ့နေရတဲ့ ရဟန်းတော်တွေကြည့်ပြီး အရိယာသံဃာတော်တွေကို အာရုံပြု ကြည်ညိုနိုင်အောင် အလေ့အကျင့်
ပြုလုပ်ပေးကြရပါမယ်။

(အရှင်ဆန္ဒာဓိက၏ဆောင်းပါးမှကောက်နုတ်ချက်)

……………………………………………………………
လှူလည်းလှူပြီး ကုသိုလ်တစ်ပဲ ငရဲတစ်ပိဿာအဖြစ်ကို အရောက်မခံကြပါနဲ့။
သံဃိကစိတ်ထားများများ မွေးမြူနိုင်ကြပါစေ။

Credit - original uploader.

ဓမ္မရေချမ်းစင်