Our social:

Saturday, December 24, 2016

သိမ်းဆည်းခံမြေများ ပြန်လည်ရရှိရေး အတွက် မြိတ်မြို့နယ်၊ ကျောက်ဖျာ ကျေးရွာတွင် ဆန္ဒဖော်ထုတ်ပွဲ ပြုလုပ်


သိမ်းဆည်းခံ မြေများ အမြန် ပြန်လည် ရရှိရေးနဲ့ မြေယာ မှတ်ပုံတင်ခွင့် ရရှိရေး အတွက် ဆန္ဒဖော်ထုတ်ပွဲကို ဒီဇင်ဘာလ (၂၄)ရက်နေ့ နံနက်ပိုင်းက တနင်္သာရီ တိုင်းဒေသကြီး၊ မြိတ်မြို့နယ်၊ ကျောက်ဖျာကျေးရွာမှာ ပြုလုပ်ခဲ့တယ်လို့ သတင်းရရှိပါတယ်။


ကျောက်ဖျာကျေးရွာအုပ်စု အတွင်းမှာရှိတဲ့ အထူးဆိပ်၊ ထူးရာကြီး၊ အဒွင်း၊ ကဘင်း၊ ကျောက်ဖျာ အစရှိသည့် ကျေးရွာတွေက လယ်မြေ၊ ဥယျာဉ်မြေ ဧက ၆ ထောင်ကျော်ကို ၂၀၀၅ ခုနှစ်က စပြီး မြို့သစ် စီမံကိန်းအတွက် သိမ်းယူခဲ့ကာ ကုမ္ပဏီတွေ၊ စီးပွားရေး လုပ်ငန်းရှင်တွေက ခွဲဝေယူပြီးတဲ့နောက် လက်ရှိ အချိန်အထိ အဆိုပါ စီမံကိန်းအား အကောင်အထည် ဖော် မဆောင်ရွက် နိုင်တဲ့ အတွက် ၄င်းမြေယာတွေကို မူလပိုင်ရှင်တွေကို ပြန်လည်ချထား ပေးဖို့ တောင်းဆိုခဲ့ကြောင်း သိရပါတယ်။


ဆန္ဒဖော်ထုတ်ပွဲသူ ၂၀၀ ကျော်ခန့်ဟာ ကျောက်ဖျာ ကျေးရွာရှိ ဓမ္မိကာရာမ ပညာဒါနကျောင်းမှ စတင်ကာ ရွာလမ်းမ အတိုင်း ကျေးရွာဘောလုံး ကွင်းအထိ လက်ကိုင်ပိုစတာများ ကိုင်ဆောင်ပြီး မြေယာမှတ်ပုံတင် ရရှိရေး၊ သိမ်းဆည်းမြေများ ပြန်လည်ရရှိရေး၊ နိုင်ငံသား အခွင့်အရေး အပြည့်အဝ ရရှိရေး၊ ပျောက်ဆုံးသွားသော အထူးကြီးရွာ ပြန်လည်ရရှိရေး၊ အကောင်အထည်မဖော် ဖြစ်သော ကျောက်ဖျာမြို့သစ် စီမံကိန်း ဖျက်သိမ်း ပေးရေး စတဲ့ ကြွေးကြော်သံများ ကြွေးကြော်ခဲ့တယ်လို့ သိရှိရပါတယ်။

တနင်္သာရီတိုင်းမ် သတင်းမီဒီယာ
https://www.facebook.com/myeik.secret.news/