ပျော်ဘွယ်မြို့နယ်မှာ လူပေါင်း ၁၃၆ ဦးခန့် အစာအဆိပ်သင့်မှု ဖြစ်ပွား
ပျော်ဘွယ်မြို့နယ် ဖောင်းတောကျေးရွာတွင် အသုပ်စုံဝယ်စားသူများမှ အစာအဆိပ်သင့်ကာ လူပေါင်း ၁၃၆ ဦးခန့် ၀မ်းပျက်ဝမ်းလျှော ရောဂါဖြစ်ပွား
ပျော်ဘွယ်မြို့နယ် ဖောင်းတောအုပ်စု ဖောင်းတောကျေးရွာတွင် ဘုန်းကြီးဓမ္မာစရိယအောင်ပွဲအဖြစ် ရောင်းချသော ပွဲဈေးတန်းမှ သဘောင်္သီးသုပ်နှင့် အသုပ်စုံဝယ်စားသူများအစာအဆိပ်သင့်ကာ လူ(၁၃၆) ဦးခန့် ၀မ်းပျက်ဝမ်းလျှော ရောဂါဖြစ်ပွားခဲ့ကြောင်း ဒီဇင်ဘာ ၂၅ ရက်နေ့ ပျော်ဘွယ်မြို့နယ်၊ ကျန်းမာရေးဦးစီး ကုသရေး ဦးစီးဌာနမှူး ဒေါက်တာ ဒေါ်ခင်မာလာထံမှ သိရှိရသည်။
“ဒီဇင်ဘာ ၂၄ ညနေက သတင်းပို့တာနဲ့ ချက်ချင်းပဲ ကုသရေးအဖွဲ့လွှတ်ပြီး ညအိပ်ခိုင်းတယ်။ အဓိက စစ်ဆေးလိုက်တဲ့ အခါမှာ အသုပ်နဲ့ အချဉ်ပေါင်းစားတဲ့သူတွေပဲဖြစ်တယ်။ မနက်ခင်း ဘုန်းကြီးအောင်ပွဲက စားတဲ့သူတွေဘာမှမဖြစ်ဘူး၊ ဒီဇင်ဘာ ၂၅ နေ့အထိဆို ဖြစ်ပွားတဲ့လူနာက ၁၃၆ ယောက်ပါ။ အလှူမှာ လူက (၁၀၀၀)လောက်စားတာပါ၊ အသုပ်ဝယ်စားတဲ့သူတွေပဲ ဖြစ်နေတာ”ဟု ပျော်ဘွယ်မြို့နယ် ကျန်းမာရေးဌာန ကုသရေးဦးစီးဌာနမှူး ဒေါက်တာ ဒေါ်ခင်မာလာက ပြောသည်။
လက်ရှိအချိန်တွင် ဆေးရုံတင်ထားရသူများမှာ ရွှေညောင်ဖူးတိုက်နယ်ဆေးရုံ၌ လူနာ(၁၉) ဦး ၊ ဖောင်းတောကျေးရွာဆေးပေးခန်းတွင် လူနာ(၃၀) ဦး ကျန်းမာရေးဝန်ထမ်း(၁၅) ဦးဖြင့် ကုသပေးနေပြီး၊ ကျန်သူများမှာ ဆေးရုံတက်ရန်မလိုကြောင်းနှင့် ဒီဇင်ဘာ ၂၅ ရက်နေ့ ညနေ(၆)နာရီအချိန်ထိ စိုးရိမ်ရသည့် လူနာများ မတွေ့ရှိရသေးကြောင်း၊ မန္တလေးတိုင်းဒေသကြီးနှင့် နေပြည်တော်မှ ဆရာဝန်များပါ ရောက်ရှိနေကြောင်း သိရသည်။
“တိုက်နယ်ဆေးရုံနဲ့ သားဖွားဆရာမတွေ အကုန်ရယ်။ မနေ့ကတော့ ၀န်ထမ်း(၁၀) ဦးလောက်ရှိတယ်။ အခု မြို့နယ်က သူနာပြုတွေ ထပ်ပို့ထားတယ်။ ကျွန်မကိုယ်တိုင် ဒီနေ့ တစ်နေကုန်နေခဲ့တယ်။ ကျွန်မ ပြန်လာတဲ့ အချိန်မှာ တိုင်းပြည်သူ့ကျန်းမာရေးဦးစီးဌာနက ဆရာဝန်(၂)ဦးထပ်ရောက်တယ်။ တိုင်းကုသရေး ဦးစီးမှူး လာတယ်။ လိုအပ်တဲ့ဆေးတွေ ဖြည့်ဆည်းပေးသွားတယ်။ အခုနေပြည်တော်က ကူးစက်ဌာနက ဆရာဝန် (၂)ဦးထပ်ရောက်လာပါတယ်။”ဟု ပျော်ဘွယ်မြို့နယ်၊ ကျန်းမာရေးဌာန ကုသရေးဦးစီးဌာနမှူး ဒေါက်တာ ဒေါ်ခင်မာလာ ကပြောသည်။
အဆိုပါ ဖောင်းတောကျေးရွာတွင် ဖြစ်ပွားသော ၀မ်းပျက်ဝမ်းလျှောရောဂါအတွက် စစ်ဆေးနေမှုများကို ပြုလုပ်နေပြီး၊ လူနာများ၏ အန်ဖတ်များ၊ ၀မ်းများ၊ ဈေးရောင်းသူများ/အသုပ်များ၏ ပစ္စည်းများကိုလည်း ယူဆောင်ကာ မန္တလေးသို့ စစ်ဆေးရန်ပို့ဆောင်ထားပြီဖြစ်ကြောင်း သိရသည်။
“သိရသလောက်ကတော့ မနေ့ညနေစဖြစ်ပွားခဲ့ပြီး လူပေါင်း ၁၀၀ ကျော်ဖြစ်ပွားခဲ့ပါတယ်၊ ဘုန်းကြီးအောင် ပွဲလုပ်တဲ့ ဈေးတန်းက အသုပ်တွေဝယ်စားတာကနေပြီ ဖြစ်ခဲ့တာလို့ သိရတယ်။ နေပြည်တော်က အဖွဲ့တွေလဲ အခုတင်ရောက် လာတာတွေ့တယ်။ တိုင်းကကုသရေးဦးစီးမှူးလာတယ်၊ မြိုနယ် ကုသရေးက ဆရာဝန်ကြီး၊ တိုက်နယ်ဆေးရုံက ဆရာဝန်ကြီးတွေနဲ့ တစ်မြို့နယ်လုံးပူးပေါင်းပြီး လုပ်ဆောင်နေတာတွေ့တယ်။ ကျွန်တော်တို့ကတော့ ရေသန့်ဘူးကြီး ၁၀၀ လောက်သွားလှူခဲ့တယ်။”ဟု ပျော်ဘွယ်မြို့နယ် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ဥက္ကဌ ဦးအေးချိုက ပြောသည်။
၂၀၁၅ ခုနှစ်က ပျော်ဘွယ်မြို့နယ်တွင် သနပ်ခါးတောကျေးရွာ မင်္ဂလာဆောင်တွင်လည်း ငါးခြောက်နှပ်ကျွေးရာ အစာအဆိပ်သင့်ခဲ့သဖြင့် ၀မ်းပျက်ဝမ်းလျှော ဖြစ်ပွားခဲ့ဘူးကြောင်း သိရသည်။
သတင်း - ရတနာပုံ သတင်းစာ
"Myanmarload'ပျော်ဘွယ်မြို့နယ် ဖောင်းတောအုပ်စု ဖောင်းတောကျေးရွာတွင် ဘုန်းကြီးဓမ္မာစရိယအောင်ပွဲအဖြစ် ရောင်းချသော ပွဲဈေးတန်းမှ သဘောင်္သီးသုပ်နှင့် အသုပ်စုံဝယ်စားသူများအစာအဆိပ်သင့်ကာ လူ(၁၃၆) ဦးခန့် ၀မ်းပျက်ဝမ်းလျှော ရောဂါဖြစ်ပွားခဲ့ကြောင်း ဒီဇင်ဘာ ၂၅ ရက်နေ့ ပျော်ဘွယ်မြို့နယ်၊ ကျန်းမာရေးဦးစီး ကုသရေး ဦးစီးဌာနမှူး ဒေါက်တာ ဒေါ်ခင်မာလာထံမှ သိရှိရသည်။