မင်္ဂလာပွဲမှပြန်သည့် စက်လှေတိမ်းမှောက်ရာမှ ပျောက်ဆုံးနေသူ ကလေးငယ် (၂) ဦးအနက် (၁) ဦး၏အလောင်း ရှာဖွေတွေ့ရှိ

တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့နယ်၊ ပြင်းငယ်ကျေးရွာတွင် ဒီဇင်ဘာလ (၂၅) ရက်နေ့လယ် (၁) နာရီခွဲအချိန်တွင် မြိတ်မြို့ မင်္ဂလာပွဲသို့ စက်လှေဖြင့်သွားပြီးအပြန်တွင် စက်လှေတိမ်းမှောက်ရာ လူအယောက် (၄၀) ဦးအနက် အသက် (၁၀) နှစ်ကျော် ကလေးငယ် (၂) ဦး ရေနစ်ပျောက်ဆုံးလျက်ရှိရာ မကနွေး၏အလောင်းကို ပြန်လည်တွေ့ရှိကြောင်း ဒေသခံရွာသားများထံမှ သိရသည်။
အဆိုပါ စက်လှေသည်၊ ဒီဇင်ဘာလ (၂၅) ရက်နေ့လယ် (၁) နာရီခွဲအချိန်ခန့်တွင် မြိတ်မြို့မှရွာသို့အပြန် ပြင်းငယ်ကျေးရွာနှင့် ပိန္နဲတောင်ကျေးရွာအနီးရှိ ဗဟတ်ချောင်းကိုဖြတ်ကူးစဉ် အရှိန်မထိန်းနိုင်ပဲ တိမ်းမှောက်ခဲ့ခြင်းဖြစ်ကြောင်း ပြင်းငယ်ကျေးရွာအုပ်ချုပ်ရေးမှူး ဦးဝင်းချိုက ပြောသည်။

မင်္ဂလာပွဲသို့သွားသည့်စက်လှေတွင် အမျိုးသား (၂) ဦးနှင့် အမျိုး သမီး (၃၈) ဦး စုစုပေါင်း လူ (၄၀) ဦးပါဝင်ကြောင်း၊ စက်လှေတိမ်းမှောက်မှုဖြစ်ပွားစဉ် ဦးစိုးထိုက်၏ သမီး (၂) ဦးဖြစ်သည့် မကပွင့် အသက် (၁၂) နှစ်နှင့် မကနွေး အသက် (၁၀) နှစ်တို့သည်၊ အခင်းဖြစ်ပွားရာနေရာမှ ရေနစ်ပျောက်ဆုံးသွားခဲ့ပြီး၊ ဒီဇင်ဘာလ (၂၇) ရက်နေ့တွင် မကနွေး၏အလောင်းအား ပြန်လည်ရှာဖွေတွေ့ရှိခြင်းဖြစ်ကြောင်း အုပ်ချုပ်ရေးမှူး ဦးဝင်းချိုက ပြောသည်။

၎င်းဖြစ်စဉ်နှင့်ပတ်သက်၍ ရေယာဉ်ကိုမဆင်မခြင်မောင်းနင်းသူ ဦးညိုဟိန်းအား မြိတ်မြို့မရဲစခန်းရုံးမှ (ပ) ၂၄၄၈/၂၀၁၆၊ ရာဇသတ်ကြီးပုဒ်မ ၂၈၀ အရ အမှုဖွင့်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
သတင်း-ဒီမိုးသွေး (မြိတ်)
သတင်းပုံ-ဦးဝင်းချို
NewsWatch