Our social:

Saturday, December 24, 2016

စစ်တွေမြို့ ဓည၀တီ (ခ) ရပ်ကွက်တွင် လူတစ်ဦးသေဆုံးနေသည်ကို တွေ့ရှိရ


နိရဉ္စရာ၊ ဒီဇင်ဘာ ၂၃

ရခိုင်ပြည်နယ် စစ်တွေမြို့ ဓည၀တီ (ခ) ရပ်ကွက်တွင် ဒီဇင်ဘာလ ၂၂ ရက်နေ့ ညနေပိုင်းက လူတစ်ဦး လမ်းပေါ်တွင် လဲကျ သေဆုံးနေသည်ကို တွေ့ရှိရသည်ဟု သိရသည်။

သေဆုံးသူမှာ စက်ရုံစုရပ်ကွက် မီးလောင်ပြင်တွင် နေထိုင်သည့် ဦးခင်မောင်သန်း ၃၄ နှစ် (ဘ) ဦးခင်မောင်ညွန့် ဖြစ်သည်ဟု ရဲမှတ်တမ်းအရ သိရသည်။

“မနေ့ညက ဓည၀တီ (ခ) ရပ်ကွက်မှာ လူတစ်ယောက် လမ်းလျှောက်လာရာကနေ ဒေါ်မလှသိန်း အိမ်ရှေ့အရောက်မှာ လမ်းဆက်မလျှောက်နိုင်တော့ဘဲ ထိုင်လိုက်ရာကနေ လဲကျနေတာကို တွေ့ရှိရတဲ့အတွက် ဒေါ်မလှသိန်း ဆင်းကြည့်ပြီးတော့ သူ့ညီအကိုယ် မောင်နှမတွေကို အကြောင်းကြားခဲ့တယ်လို့ ဆိုပါတယ်။ သူ့ကို စစ်ဆေးကြည့်တော့ သေဆုံးနေတာကို တွေ့ရှိရပါတယ်”ဟု စစ်တွေမြို့ အမှတ် ၁ ရဲစခန်းမှ စခန်းမှူး ဒုရဲမှူး ရန်နိုင်လတ်က နိရဉ္စရာ သတင်းဌာနသို့ ပြောသည်။

ဦးခင်မောင်သန်း လဲကျချိန်မှာ ညနေ ၆ နာရီ ၄၅ မိနစ်ခန့် ဖြစ်ပြီး၊ နယ်မြေခံ ရဲတပ်ဖွဲ့ဝင်များ ရောက်ရှိလာချိန်မှာ ည ၇ နာရီ ၂၀ မိနစ်ခန့် ရှိပြီဟု ဆိုသည်။

ယင်းအမှုနှင့်ပတ်သက်၍ ဒုရဲအုပ်ဝင်းထွဋ်ဇော်က တရားလိုလုပ်၍ အမှတ် ၁ ရဲစခန်းတွင် အမှုဖွင့်ခဲ့ပြီး၊ အမှတ် ၁ စခန်းမှူးက စစ်ဆေးမှု ပြုလုပ်ခဲ့သည်ဟု ပြောသည်။

“သေဆုံးသူကို စစ်ဆေးကြည့်တော့ ဘာဒဏ်ရာမှာ မတွေ့ရှိရပါဘူး။ ဆေးရုံမှာ ဒီနေ့မနက် ၁၀ နာရီလောက်က မှုခင်းဆရာဝန်ရယ်၊ ကျွန်တော်ရယ်၊ သေဆုံးသူရဲ့ ဆွေမျိုးတစ်ဦးရယ် အသိသက်သေ အနေနဲ့ ခွဲစိပ် စစ်ဆေးမှုတွေ ပြုလုပ်ခဲ့တော့ သေဆုံးသူရဲ့အသဲက နဂိုထက်ကြီးနေပြီးတော့ အသဲခြောက်ကပ် နေတာကို တွေ့ရပါတယ်။ ဦးနှောက်မှာလည်း သွေးကြောမျှင်တွေဟာ အရက်အလွန်အကျွံသောက်ပြီး ရုတ်တရက် သွေးတိုးတဲ့ လက္ခဏာတွေကို တွေ့ရှိခဲ့ရပါတယ်”ဟု အမှတ် ၁ စခန်းမှူးက ပြောသည်။

ယင်းကြောင့် သေဆုံးသူမှာ အပြင်ပယောဂကြောင့် သေဆုံးခြင်းမဟုတ်ဘဲ အရက်သောက်လွန်၍ သေဆုံးခြင်းသာဖြစ်သည်ဟု ခွဲစိပ် စစ်ဆေးမှုအရ သိရသည်ဟု ရှင်းလင်းပြောကြားသည်။

ဦးခင်မောင်သန်းသည် ဆိုက္ကားနင်းသူတစ်ဦးဖြစ်ပြီး အိမ်ထောင်ကျသည်မှာ ၇ ရက်ခန့်သာ ရှိသေးသည်ဟု ရဲမှတ်တမ်းအရ သိရှိရသည်။

စံမောင်သန်း၊ စစ်တွေ
Narinjara
https://www.facebook.com/Narinjara