Our social:

Saturday, December 24, 2016

အခါးအရသာကြွယ်သည့် ကြက်ဟင်းခါးသီး

ကြက်ဟင်းခါးသီးသည် ခါးသည်။ ခါး၍ ကြိုက်သူမရှိဟုထင်လျှင် မှားမည်။ ကြက်ဟင်းခါးသီးကို ကြိုက်နှစ်သက်သူများစွာရှိသည်။ အကြောတက်လျှင် တက်ပါစေ၊ အိပ်ချင် ငိုက်မျဉ်းပြီး မျက်စိ မဖွင့်နိုင်ဖြစ်ချင် ဖြစ်ပါစေ။ ကြိုက်လွန်းသည့်အစာဖြစ်၍ စားမည်ဆိုသူများကို လက်တွေ့တွေ့ဖူး ပါသည်။

အမှန်တော့ ဆေးကျမ်းများအလိုအရ ကြက်ဟင်းခါးသီးသည် လေစာဖြစ်သည်။ ''အခါးဟူ သမျှ လေဓာတ်ကြွသည် '' ဟူသော စကားနှင့်အညီ လေတိုးစေနိုင်သော အစာဖြစ် သည်။ လေတိုးဟူသည် သွေးတိုးနှင့်အတူတူပင်ဖြစ်သည်။ ဆေးခါးအရသာသည် သွေးတိုးလျှင် တဖြည်းဖြည်းတိုးလာပြီး ပြန်ကျချိန်နှေးသဖြင့် တွေ့ရခက်သည်။ ခွေးတောက်ရွက် အခါးနှင့်မတူပေ။ ခွေးတောက်ရွက်အခါးသည် ''ပူခါး '' ဖြစ်သည်။ သွေးတက်လျှင် အတက်မြန်သော်လည်း အစာကြေသွားလျှင်လည်း အကျမြန်သည်။ ကြက်ဟင်းခါးနှင့်ခွေး တောက်သည် အခါးချင်းတူသော်လည်း ပူခါး၊ အေးခါး ကွာခြားသည်။ အနောက်တိုင်းဆေးပညာတွင် ဓာတုဗေဒနည်းဖြင့်ဓာတ်ခွဲ သကဲ့သို့ ရိုးရာဆေးပညာ၌ အရသာတွင် အပူ၊ အအေးပါ ခွဲခြားပြီး ဓာတ်ခွဲလေ့ရှိသည်။ ချဉ်းကပ်ပုံခြင်းမတူပေ။စာရေးသူငယ်စဉ်က ဦးလေးတော်သူ တစ်ဦးသည် ကြက်ဟင်းခါးသီး အတော်ကြိုက်သည်။ တစ်နေ့တွင် ဝက်သားဟင်းနှင့် ကြက်ဟင်းခါးသီးကြော် တွဲဖက်စားမိ သည်။ ည ၆ နာရီခန့်က ထမင်းစားပြီး ည ၈ နာရီတွင် တီဗွီမှလာသော သတင်းကြည့်နေရင်း လက်မှကိုင်ထားသော ရီမုကွန်ထရိုးလွတ်ကျသွားကာ မူးလဲသွားသည်။ စာရေးသူတို့နေ ထိုင်ရာ နယ်မြို့လေးဖြစ်သော ဥက္ကံမြို့မှ ရန်ကုန်ဆေးရုံ ကြီးသို့ ကားဖြင့်တင်ပို့ရာ ၂ နာရီခွဲခန့် အချိန်ကြာသည်။ သူသည် ဦးနှောက်သွေးကြောပေါက်ရောဂါဖြင့် သေဆုံးသွားသည်။

လေစာတစ်မျိုးတည်းစားလျှင် ကိစ္စမရှိပေ။ သွေးကြောများက ခံနိုင်ရည်ရှိသေးသည်။ လေ စာ နှစ်မျိုး တွဲစားလျှင် သွေးကြောများ ခံနိုင်ရည်အားနည်းသည့်အရွယ် အသက်ကြီး သူများ တွင် သွေးကြောပေါက်တတ်သည်။ အထူးသဖြင့် ဦးနှောက်သွေးကြောပြတ်၊ လေဖြတ်ရော ဂါဖြစ်နိုင်သည်ကို သတိပြုရန်လိုသည်။

မျှစ်ချဉ်နှင့် ဝက်သားချက်စားပြီး သွေးတိုးလေဖြတ်သူလည်းရှိသည်။ စာရေးသူ၏အတွေ့အကြုံ အရ အစားမှား၊ လေဖြတ်သူများသည် အသက် ၅ဝ ကျော် အရွယ်ကောင်း၊ အစားကောင်း သူများ ဖြစ်သည်ကိုတွေ့ရသည်။ အသက် ၇ဝ ကျော်လူကြီးများက အစားအသောက် ဆင်ခြင်သည်ကို တွေ့ရသည်။

ဝက်သား၊ မျှစ်ချဉ်၊ ကြက်ဟင်းခါးသီး၊ ခွေးတောက်ရွက်၊ တမာရွက်၊ ဘူးချဉ်၊ နှမ်းဖတ်ချဉ်၊ သရက်ချဉ်၊ မုန်လာချဉ်၊ ကြောင်လျှာသီးများသည် လေစာများဖြစ်ကြသည်။ ထိုအစာများကို ကြိုက်နှစ်သက်လျှင် တစ်ကြိမ်တွင် တစ်မျိုးသာစားသုံးသင့်သည်။ လေစာ နှစ်မျိုးတွဲ စားခြင်းဖြင့် လေဖြတ်ခြင်း၊ သွေးတိုးခြင်း၊ ဦးနှောက်သွေးကြောပေါက်ခြင်းဖြစ်နိုင်သည်ကို သတိပြုကြစေလိုသည်။

မြန်မာ့ရိုးရာ တိုင်းရင်းဆေးပညာအခြေခံ ''ရသာခြောက်ပါး စုံအောင်စား၊ ခွန်အားပြည့်ကာ လူကျန်းမာ'' ဟူသောနည်းအရ ချို၊ ချဉ်၊ ငန်၊ စပ်၊ ဖန်၊ ခါး ရသာခြောက်ပါးကို နေ့စဉ်စုံအောင် စားသူ သည် ကျန်းမာရေးအတွက်ကောင်းသည်။ မျှတသော စားသောက် နည်းဖြစ်သည်။

ကြက်ဟင်းခါးသီးကို ဟင်းချက်စားသောအခါ အခါးအရသာလျော့သွားအောင် ကန့်လန့်ဖြတ် လှီးဖြတ်ပြီးနောက် ဆားရည်ဖြင့် စိမ်ထားလေ့ရှိကြသည်။ ဤနည်းဖြင့် အလွန်အကျွံမခါးအောင် စားကောင်းအောင် ပြုလုပ်လေ့ရှိကြသည်။ နောက်တစ်နည်းမှာ အကွင်းလိုက် လှီးဖြတ်ပြီးနောက် ဆားများများဖြင့် ပွတ်နယ်ကာ ခေတ္တထားပြီးနောက်မှ ဆန်ဆေးရည်ဖြင့် ပွတ်ဆေးရသည်။ ဤနည်းမှာ အခါးမကျန်တော့သလောက် ကုန်သွားသဖြင့် အခါးအရသာခံစားလိုသူများက မကြိုက်ကြပေ။ သင့်တင့်သောအခါးဓာတ်ရှိမှသာ ကြက်
ဟင်းခါးသီးအရသာ ပေါ်သည်ဟုဆိုသည်။ အခါးကြိုက်သူများသည် သာမန်ဆားရည်ဖြင့် တစ်ကြိမ်ခန့်ဆေးပြီးချက်စားခြင်းဖြင့် လုံလောက်နိုင်သည်။
ကြက်ဟင်းခါးသီးကို ကြက်သွန်ဖြူ၊ ကြက်သွန်နီဆီသတ်ပြီး ပုစွန်ခြောက်ဖြင့် အစိုကြော်စားသူ၊ အခြောက်ကြော်စားသူများရှိသကဲ့သို့ ဟင်းချက်စားသူများလည်းရှိသည်။ သူ့ချည်းချက်မစားဘဲ ကုလားပဲ၊ ပဲစင်းငုံနှင့်ရောချက် စားလျှင်လည်း အခါးအရသာနှင့်အဆိမ့် အရသာတွဲ၍ စားကောင်းသောဟင်း တစ်မယ်ရရှိနိုင်သည်။

စာရေးသူတို့ငယ်စဉ်က တောရွာများတွင် ကြက်ဟင်းခါးသီးအလုံးသေးလေးများကို မီးဖုတ်ပြီး ငါးပိရည်နှင့်တို့စရာအဖြစ် စားသုံးသည်ကို အမှတ်ရမိသည်။ ကြက်ဟင်းခါးသီး ကို ပြုတ်၍ လည်းတို့စရာအဖြစ် စားသုံးလေ့ရှိကြသည်။ ငါးပိတွင် အစပ်မ ထည့်။ မန်ကျည်းသီး စိမ်းကို ထောင်းထည့်ပြီး ကြက်ဟင်းခါးသီးပြုတ် (သို့မဟုတ်) မီးဖုတ်ထားသည့်တို့စရာနှင့် စားလျှင် အလွန်ထမင်းမြိန်သည်။ စားကောင်းအောင်ချက်စားသည်။

နည်းတစ်နည်းမှာ -

ကြက်ဟင်းခါးသီးကို အခွံခြစ်ပြီး ဓားပြားရိုက် အစေ့ထုတ်ပြီးလျှင် မညက်တညက်ထောင်းကာ ငရုတ်သီး၊ ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ ချင်းပါသော အမွှေးအကြိုင်ထောင်းပြီးသားကို ဆီသတ်၊ ခရမ်းချဉ်သီး၊ ဆား၊ နနွင်းခတ်၊ ကျက်ပါက ကြက်ဟင်းခါးသီးကို ထည့်မွှေပါ။ ကြက်ဟင်းခါးသီး အနေတော်ကျက်ပါက ချ၍စားနိုင်ပါပြီ။ (မြန်မာ့အသံ ဦးကျော်ဦး၊ မြန်မာ့အစာနှင့်အာဟာရ)
ကြက်ဟင်းခါးသီးသည် အရသာခါးသော်လည်း သံပုရာသီးကဲ့သို့ပင် ဗီတာမင်စီကြွယ်ဝသော အစာဖြစ်သည်ဟု အနောက်တိုင်းဆေးပညာကဆိုသည်။ ၄င်းဓာတ်အပြင် ရေငွေ့ဓာတ်၊ ထုံးဓာတ်၊ ကစီဓာတ်တို့လည်း ပါဝင်သည်ဟုဆိုသည်။

မြန်မာ့ဆေးကျမ်းများတွင် -

ကြက်ဟင်းခါးသီးသည် အသီးကြီးသော ကြက်ဟင်းခါးသီးနှင့် သေးသောကြက်ဟင်းခါး သီးဟူ၍ နှစ်မျိုးရှိသည်။ နှစ်မျိုးလုံးပင် ခါး၏။ ကြေလွယ်၏။ ခါးသော်လည်း လေကို မပျက်စေတတ်၊ အေး၏။ သလိပ်သည်းခြေကိုနိုင်၏။ အဖျားနာ၊ ပဏ္ဍုနာ၊ မေဟနာ (ဆီးလွန်သောရောဂါ) ပိုးနာ တို့ကိုနိုင်၏။ ကြက်ဟင်းခါးသီးအငယ်သည် အကြီး ထက် ကြေလွယ်၏။ ဝမ်းမီးကို တောက်စေတတ်၏။ (ဥတုဘောဇနသင်္ဂဟကျမ်း)ကြက်ဟင်းခါးသီးသည် ခါး၏။ သွေးကို တက်စေတတ်၏။ သလိပ်သည်းခြေကို နိုင်၏။ လေကို ပျက်စေတတ်၏။ အဖျားနာ၊ ပဏ္ဍုနာ၊ မေဟနာ၊ ပိုးနာတို့ကိုနိုင်၏။ ဝမ်းမီးကိုတောက်စေတတ်၏။ မီးယပ်၊ ဝမ်းပျက်နှင့်လွန်စွာသင့် ၏။(ရှုတော်မှု ဆေးအဘိဓာန်ကျမ်း)ရှေးဆေးကျမ်းများတွင် ကြက်ဟင်းခါးသီး သည် ကြေလွယ်သောအစာဖြစ်ပြီး ပိုးကြောင့်ဖြစ်သော အဖျားအနာ ကိုနိုင်ကြောင်း လေ့လာတွေ့ရှိရသည်။

ဇီဝိတဝဍ္ဎနဆေးကျမ်းတွင် ကြက်ဟင်းခါးသီးသည် ခါး၏၊ ဆိမ့်၏၊ ဝါယောပထဝီဓာတ် နှစ်ပါး လွန်ကဲ၏။ မပူလွန်း၊ မအေးလွန်း မျှတသောတေဇောရှိ၏။ ဝမ်းလေကိုချုပ်စေ ၍ တောင့် တင်း ညောင်းညာခြင်းကို ဖြစ်စေတတ်၏။ (ထူးခြားချက်) နို့စို့ကလေး၊ ဝမ်းစိမ်းသွားနေလျှင် အဓိကချက်၍ စားလျှင် ကောင်းစွာ ပျောက်စေတတ်၏ဟုဆိုထားသည်ကိုတွေ့ ရှိရသည်။ဓာတုရသလေးစောင်တွဲကျမ်းတွင် ကြက်ဟင်းခါးသီးသည် သည်းခြေကြိုက် ၏ဟုဆိုထားသည်။ (သည်းခြေကြိုက်ဆိုသည်မှာ ကြိုက်မိလျှင် စွဲလမ်းစေသော အစာမျိုးကို ဆိုလိုသည်။)ကြက်ဟင်းခါးသီးနှင့် ပူးတွဲစားပါက အန္တရာယ်ဖြစ်စေ (အဆိပ်ဖြစ်စေ) တတ်သော အစာမှာ 'မှို' ဖြစ်သည်ကို သတိပြုကြပါ။နိဂုံးချုပ်အားဖြင့် ကြက်ဟင်းခါးသီးသည် ရသာခြောက်ပါးတွင်ပါဝင်သော အခါးအရသာကြွယ်ဝသော အစားအစာဖြစ်သဖြင့် ရံဖန်ရံခါ စားသုံးသင့်သောဓာတ်စာမျိုးဖြစ်သည်။ သွေးသားကို စင်ကြယ်ပြီး အကြောလေလျှောက်စေသောအစာ၊ အသက်ကြီးသူများ အတွက် လေဆက်စေသော အစာမျိုးလည်း ဖြစ်ပါသည်။ သတိပြုရန်မှာ တစ်နေ့တည်း လေစာနှစ်မျိုးတွဲစားခြင်း၊ ကြက်ဟင်းခါးသီးကို ဝက်သား၊ မှိုတို့နှင့်တွဲဖက်စားသုံးခြင်းမပြုရန် သတိပြုကြပါဟု တင်ပြ လိုက်ရပါသည်။

ကြည်လွင်မြင့် (မုဒြာ)

Ref-
ကျန်းမာရေးအတွက်ဆေးတစ်ခွက်