လှူတတ်ကြရဲ့လား၊ ယူတတ်ကြရဲ့လား
ကျွန်တော်သည် အလုပ်တာဝန်များကြောင့် FM
ရေဒီယိုများကို နားမထောင်နိုင်သူတစ်ဦးဖြစ်ပါသည်။ တစ်နေ့တွင် Facebook ပေါ်၌
ဓမ္မမိတ်ဆွေတစ်ဦးက အပြည်ပြည်ဆိုင်ရာ ထေရဝါဒ ဗုဒ္ဓတက္ကသိုလ်မှ ပါမောက္ခချုပ်
ဆရာတော် ဒေါက်တာ နန္ဒာမာလာဘိဝံသ ဟောကြားထားသည့် တရားတစ်ပုဒ်ကို
ရိုက်တင်ထားခြင်းအား ဖတ်လိုက်ရပါသည်။ ပညာလည်းတတ်၊ ကျမ်းဂန်လည်း နားလည်၊
ဘုရားဟောကို သေချာစွာသိပြီး
ဟောတတ်ပြောတတ်သည့် ဆရာတော်များ သည် မြန်မာတို့၏ လှူဒါန်းမှုအလွဲ၊
ကုသိုလ်အလွဲ၊ စေတနာအလွဲ၊ ဒါနအလွဲများကို ရဲဝံ့စွာ ထုတ်ဖော်ဟောကြားသဖြင့်
သာဓု ခေါ်မိပါသည်။
ဆရာတော်က တရားပွဲတွင် အလှူခံဖလားချထားခြင်းကို ပိုက်ဆံပေးမှ
တရားနာရသကဲ့သို့ ဖြစ်နေကြောင်း ထို့ပြင် ဘုန်းကြီး များသည်
ကိုယ်မဟောကြားသည့် ဗုဒ္ဓပြောစကားများကို တရားရောင်းသကဲ့သို့
မပြုလုပ်သင့်ကြောင်း ဟောကြားသွားသည်မှာ တရားတစ်ပွဲကို ဘယ်လောက်ကြေးမှ
မရလျှင် လိုက်မဟောဆိုသည့် သံဃာများအတွက် စဉ်းစားဆင်ခြင်စရာဖြစ်သည်။ထို့ပြင် တရားဟောရာတွင် လာဘ်လာဘကို မျှော်ကိုးခြင်း မဟုတ်ဘဲ ဒေသနာစဉ်အတိုင်း ဟောကြားရန်၊ အကြောင်းပြခိုင်လုံ သော တရားကိုသာဟောကြားရန်၊ တရားနာသူများအပေါ် မေတ္တာဖြင့် ဟောကြားရန်၊ မသိသေးသည်ကို သိပါစေဆိုသည့် စေတနာဖြင့် ဟောရန်၊ ကိုယ်ဂုဏ်ကိုယ်မြှောက်ပြီး သူတစ်ပါးကိုနှိမ်သည့် တရားမျိုးမဟောရန် ဘုရားရှင်က တိုက်တွန်းခဲ့ ကြောင်း ဆရာတော်က ဟောပြောဆုံးမခဲ့သည်မှာ ဗုဒ္ဓဘာသာဝင်စစ်စစ်ဖြစ်ရေး လမ်းညွှန်ပေးခဲ့သလိုဖြစ်သောကြောင့် ကျေးဇူး ကြီးလှပါတော့သည်။
ဆရာတော်က
“တချို့နေရာတွေမှာ လမ်းကို ပိတ်ပြီးတော့တောင် အလှူခံတာတွေ့ရတယ်။ သဒ္ဓါရှိတဲ့လူက လာလှူတာမျိုးမဟုတ်ဘဲ ကြိုနေ၊ စောင့်နေ၊ ပြောဆိုအလှူခံနေရင် ဒါတောင်းနေတာနဲ့ အတူတူပဲ။ ဒါကို လက်ခံရင် ဘုန်းကြီးတို့ သူတောင်းစားဖြစ်သွားမယ်” ဟု မိန့်ကြားချက်ကား တန်ဖိုးရှိလှသည်။
မြန်မာလူမျိုးများသည် “တစ်မူးရလို့ တစ်ပဲလှူ” ဆိုသည့်စကားကို အတွင် ပြောလေ့ရှိကြသည်။ တစ်ပဲလှူ လိုက်လျှင် ကုသိုလ်ရပြီထင်ကာ အကုသိုလ်တွေ ကျူးလွန်တတ်ကြသည်။ အကုသိုလ်များကို မည်မျှကျူးလွန်သည် ဖြစ်စေ လှူလိုက်လျှင် ပြေပျောက်နိုင်သည် ထင်တတ်သောကြောင့်လည်း ကိုယ်ကျင့်သီလ ထိန်းသိမ်းသူ နည်းပါး လာသည်။
ဇာတ် နိပတ်တော်များတွင် ဆွမ်းတစ်အုပ်လှူဖူးသူများ၊ ပန်းတစ်ပွင့်လျူဖူးသူများ အပါယ်မလားကြောင်း ရေးခဲ့ သည်ကို အပြင်ပန်းလောက်ဖတ်ကာ လှူလိုက်လျှင်ပြီးရောဆိုသည့် သဘောမျိုးများ ထားလာတော့သည်။ အမှန်တော့ ထိုပန်း တစ်ပွင့်လောက်လှူဖူးသူမှာ အပါယ်မလားဆိုခြင်းသည် အခြေခံငါးပါးသီလကို စောင့်ထိန်းနိုင်သောကြောင့်သာ နိဗ္ဗာန် ရောက်သည်အထိ အကျိုးများခြင်းဖြစ်သည်။
မိမိကိုယ်တိုင်က ငါးပါးသီလ မလုံခြုံဘဲ သူ့အသက်သတ်ခြင်း၊ သူတစ်ပါးဥစ္စာခိုးခြင်း၊ သူတစ်ပါး သားမယား ပြစ်မှားခြင်း၊ မူးယစ်သောက်စားခြင်း၊ လိမ်လည်ပြောဆိုခြင်းပြုလုပ်နေပြီး အလှူကြီးပေးကာ ကုသိုလ်ယူတိုင်း နောင်တမလွန် ဘဝ မဆိုထားနှင့် လက်ရှိဘဝမှာပင် စိတ်ကြည်လင် ချမ်းသာစွာဖြင့် နေထိုင်နေမည်လားဆိုသည်မှာ စဉ်းစားစရာဖြစ်သည်။
မဟာဂန္ဓာရုံဆရာတော် အရှင်ဇနာကာဘိဝံသက “နေ့စဉ် စိတ်ကောင်းထား၍၊ နေ့စဉ်ဒါနဝတ်နှင့် ကိုယ်ကျင့်သီလ ကောင်းခြင်း ကိုသာ အရာရာဝယ် သာယာအေးမြလျက် နောက်ဘဝ၌ မုချဂတိကောင်းကြောင်း အလုပ်ဖြစ်၏” ဟု ဟောကြားတော်မူခဲ့ ပါသည်။
ဆရာတော်သည် ပကာသနအလှူကိုလည်း လက်မခံပေ။ သားရှင်ပြုကို ကြီးကျယ်ခမ်းနားစွာ ကျင်းပသည့် အလှူနှင့် စပ်လျဉ်းပြီး ဆရာတော်က ထိုသို့ ကြီးကျယ်စွာလှူခြင်းကြောင့်
– အလုပ်အကိုင် မအားလပ်သော်လည်း ဖိတ်ကြားသဖြင့် အားနားစွာလာပြီး စားသောက်ပြန်ကြ အဘယ်မှာ ကုသိုလ်ရမည်နည်း။
– ဘုန်းကြီးများကို ပင့်သောကြောင့် ဘုန်းကြီးများကလည်း ပရိယတ်၊ ပဋိပတ်အလုပ်ကို ဖျက်ကာ အလှူရှိရာသို့ လာကြရသဖြင့် အဘယ်မှာ ကုသိုလ်ရမည်နည်း။
– သိန်းရာထောင်ချီပြီး အလှူကို ပကာသနဖက်ကာ ကျင်းပလိုက်ခြင်းသည် အဘယ်မှာလျှင် သာသနာရေးကို အမှန် တကယ် အားပေးရာ ရောက်မည်နည်း။
– အလှူမတိုင်မီ အလှူတွင် ကျွေးမွေးရန် ဝက်သားမည်မျှ၊ အမဲသားမည်မျှပေးပါဟု တောင်းဆိုထားပြီ အလှူအတွက် ထိုအသက်များကို သတ်ဖြတ်ရခြင်းသည် အဘယ်မှာလျှင်ကုသိုလ်ရတော့မည်နည်းဟု မိန့်ကြားခဲ့သည်ကို ဆင်ခြင် ကြည့်စေချင်ပါသည်။
ဆရာတော်ဘုရားကြီးက “လောဘသမားသည် ဘုန်းကြီးဖြစ်လျှင် ပစ္စည်း လာဘ်ကိုလိုချင်၏။ မိမိကို လှူချင် လာအောင် ဆွယ်တရားဟော၏။ ရပြန်လျှင်လည်း ထိုပစ္စည်းကို မလှူရက်၊ မပေးရက် အလွန်မက်မော၏။ ထိုပစ္စည်းရမှုကို အကြောင်းပြု၍ “အာဂငါပဲ” ဟုစိတ်ကြီးဝင်လိုက်သေး၏။ လှူဒါန်းနိုင်သော ဒကာ ဒကာမများကို အောက်ကျို့၍ ဆက်ဆံရ သဖြင့် မိမိ၏အောက်ကျပုံကိုကား သတိမရရှာချေ” ဟုဆိုထားပါသည်။
ဆရာတော်ကြီးက “တစ်နေ့အဖို့ ကုသိုလ်၊ ဥစ္စာ၊ ကျန်းမာရေး၊ အတတ်ပညာ၊ တန်ခိုးဂုဏ်သိန် ဤငါးမျိုးတွင် တစ်မျိုးမျိုးမှ အကျိုးမရဘဲ ကုန်သွားသောနေ့သည် ဝမ်းနည်းစရာ၊ လွန်စွာ အသုံးမကျ၊ မသေခင်က အသေဖြစ်ရသောနေ့ပင်တည်း” ဟု ဆိုထားသည်ကို ဆင်ခြင်ကြရန်သာဖြစ်သည်။
ကျွန်တော်တို့တွင် မဟာဂန္ဓာရုံဆရာတော် အရှင်ဇနာကာဘိဝံသနှင့် ပါမောက္ခချုပ် ဆရာတော် ဒေါက်တာ နန္ဒာမာလာ ဘိဝံသကဲ့သို့ မည်သည့် လာဘ်လာဘမျှ မျှော်ကိုးခြင်းမရှိဘဲ ရဲဝံ့စွာ အလှူမှားခြင်းများကို ထောက်ပြသည့် တရားများကို နားကြားခွင့်ရသောကြောင့် ဝမ်းမြောက်မိတော့သည်။
ဘုရားဟောတရားတော်စစ်စစ်ကို ရဲဝန့်စွာဖြင့် သာသနာတော်အကျိုးနှင့် ဗုဒ္ဓဘာသာကို အဓွန့်ရှည်စွာ တည်တံ့နိုင်ရေးအတွက် ဟောပြောပေးသော ဆရာတော်ကြီးများ ပေါ်ထွန်းပါစေဟုသာ ဆုတောင်းရတော့မည်။
Credit to ကပ္ပိယမောင်မောင်
