Our social:

Tuesday, December 20, 2016

သန်ထခြင်း ပြသနာ

ဆရာရှင့်။ ကျွန်မရဲ့ ၁ဝ နှစ် အရွယ် သားလေး ဝမ်းသွားတဲ့ အခါ သန်ပါနေတာ တွေ့ရပါတယ်။ သန်ကျအောင် ဘယ်လို သန်ကျဆေးမျိုး တိုက်ကျွေးသင့် ပါသလဲ ဆိုတာ ပြောပြပေးပါ ဆရာ။

သန်ကောင် အမျိုးအစား သုံးမျိုး ရှိပါတယ်။ ဆံခြည်မျှင် သန်ကောင်၊ သန်ပြား ကောင်နဲ့ သန်လုံးကောင်တို့ ဖြစ်တယ်။ ဒါ့အပြင် တုတ်ကောင် ဆိုတာလည်း ရှိပါတယ်။ အများအားဖြင့် ကျောင်းနေတဲ့ ကလေးတွေမှာ ကူးစက်နိုင်တယ်။ ရေမြောင်းထဲ ဖိနပ်မပါဘဲ ဆင်းဆော့တဲ့ အခါ သန်လုံးကောင်တွေက ပါးလွှာတဲ့ အရေပြား အပေါက်ကနေ ကလေးရဲ့ ဝမ်းထဲကို ဝင်ရောက် ကူးစက်တတ်တယ်။ သန်ကောင်တွေရဲ့ အဓိက အရင်း အမြစ်ကတော့ မြေကြီးဖြစ်တယ်။ ကလေးရဲ့ လက်နှစ်ဖက် ညစ်ပတ်နေရင် လက်ချောင်းတွေနဲ့ လက်သည်း ကြားတွေမှာ သန်ဥတွေ ကပ်ပြီး အစာစားတဲ့အခါ ဝမ်းဗိုက်ထဲ ရောက်သွားတယ်။ အဲဒီ သန်ဥကို မျိုချတာနဲ့ တစ်ပြိုင်နက် သန်ကောင် ပေါက်ပွားလာတယ်။ တချို့ မစင်စွန့်ရာကနေ သန်ဥတွေ မြေပေါ် ရောက်ရှိ သွားတယ်။ သန်ကောင်တွေက သေးသွယ်ပြီး အဖြူရောင် အပ်ချည်မျှင်လို ၅ မီလီလီတာ ကနေ သုည ဒသမ ၂၅ လက်မ ရှည်ပါတယ်။ ညဘက်မှာ သန်ကောင်တွေဟာ စအိုဝန်းကျင်ကို ထွက်လာတယ်။ အဲဒီ အချိန်မှာ ကလေးဟာ မအီမသာဖြစ်ပြီး စအိုဝကို ကုတ်မိ ကိုင်တွယ်မိတယ် ဆိုရင် လက်ချောင်းလေးတွေမှာ သန်ဥတွေ ပါလာတယ်။ အမျိုးသမီးတွေမှာ ယောနိထဲကို သန်ကောင်ရောက်ရင် မအီမသာ ခံစားရတတ် ပါတယ်။

ကုတ်ဖဲ့ခြင်း

ရောင်ရမ်းခြင်း၊ မအီမသာ ဖြစ်ခြင်းတွေ သက်သာစေဖို့ လိမ်းဆေး သုံးနိုင်ပါတယ်။ သန်ကောင် အန္တရာယ် ကာကွယ်ဖို့ နှစ်စဉ် မိုးဦးနဲ့ မိုးလယ်မှာ မီဘန်ဒဇော သောက်ရမယ်။ မိသားစုဝင်တွေ အားလုံး၊ ဘော်ဒါဆောင် တစ်ခုလုံး၊ ဂေဟာ တစ်ခုလုံး သန်ချ ပေးရပါမယ်။

ဓာတ်စာ

သန့်ရှင်းအောင် နေထိုင်ခြင်းဟာ သင့်လျော်တဲ့ ကုသမှု ဖြစ်ပါတယ်။ သန်ကောင် ဝင်ရောက်ဖို့ လွယ်ကူနေ သရွေ့ သံချဆေး တစ်နှစ် တစ်ကြိမ် သောက်သုံးရ ပါမယ်။ တစ်ကိုယ်ရေ သန့်ရှင်းဖို့၊ ပတ်ဝန်းကျင် သန့်ရှင်းဖို့ လိုပါတယ်။ မှန်ကန် ပြည့်ဝတဲ့ အစားအစာ စားရမယ်။ မိသားစုမှာ သန်ကောင် ကူးစက်ခံရရင် ကလေး တစ်ယောက်ကနေ တခြား တစ်ယောက်ကို ကူးစက်နိုင်လို့ သံချဆေး ပြိုင်တူ တိုက်ရမယ်။ ချင်းစိမ်း၊ သင်္ဘောစေ့ တို့ဟာ သန်ကောင်တို့ကို တိုက်ဖျက် နိုင်တယ်။ ချင်းကို ပါးပါးလှီးပြီး အသီးအရွက်သုပ် တစ်ခုခုနဲ့ ရောနှော ကျွေးနိုင်တယ်။ အားလုံး ရောနှောပြီး မနက်စာမှာ ထည့်ပြီး စားသောက်လို့ ရတယ်။ သဖန်းသီးနဲ့ နာနတ်သီးကို ကျွေးရင်လည်း ရတယ်။

အမျှင်ကြွယ်ဝတဲ့ အစာက အစာခြေ အဖွဲ့ လုပ်ဆောင်မှု ကောင်းမွန်တာကြောင့် ကစီဓာတ် ပါတဲ့ အစိမ်းရောင် ဟင်းသီးဟင်းရွက်၊ ပဲနီလေး၊ ပဲသီးနှင့် တခြား ပဲခြောက်၊ ဂျုံ၊ ပေါင်မုန့်နှင့် ခေါက်ဆွဲခြောက်တွေ စားသုံး သင့်ပါတယ်။ အသီးအရွက် ဖျော်ရည်ကိုလည်း တိုက်နိုင် ပါတယ်။

အကြံပြုခြင်း

သန်ကောင် ထိန်းချုပ်မှု အမြစ်ပြတ်စေဖို့ နို့နဲ့ နို့ထွက်ပစ္စည်းတွေ မစားသင့်ပါဘူး။ ဒိန်ချဉ်က အူလမ်းကြောင်း ထိန်းညှိ ပေးတဲ့အတွက် သောက်သုံးသင့် ပါတယ်။ သဘာဝ အချိုဓာတ်ပါ သစ်သီးတွေ၊ သကြားနဲ့ သကြား ကဲတဲ့ အစာတွေ၊ ဂက်စ်ပါတဲ့ အချိုရည်တွေကို ရှောင်သင့်ပါတယ်။ အဲဒီ အစာတွေက သန်ထ နိုင်တယ်။ ဟင်းသီးဟင်းရွက်ပြုတ်ရည် သောက်သုံး ပေးသင့်ပါတယ်။ လူအများက သန်ကောင်ရှိတာ မကြိုက်ပေမယ့် လူတိုင်း လမ်းဘေး အစာတွေနဲ့ မကင်းနိုင်ဘူး။ နှစ်စဉ် မိုးဦးနှင့် မိုးနှောင်း ကာလမှာ သန်ချဆေး ကျွေးသင့် ပါတယ်။

ရှောင်ရန်

ကလေးတွေ ဖိနပ်စီးတဲ့ အကျင့်နဲ့ မြောင်းထဲ၊ ဗွက်ထဲ ဆင်းမဆော့စေဖို့၊ လမ်းဘေး အစားအသောက် မစားသောက်ဖို့တော့ လိုအပ်ပါတယ်။ ခြေသည်း လက်သည်း အပတ်စဉ် ညှပ်ပေးသင့် ပါတယ်။

ဒေါက်တာလွင်သန့်(ဆေး-၂)

Ref-ကျန်းမာရေးအတွက်ဆေးတစ်ခွက်